Monday, 31 January 2011

နအဖစစ်အုပ်စုမှ ကျင်းပပြုလုပ်သည့် အတုအယောင် ပါလီမန်လွှတ်တော်အား ရှုတ်ချ

             နအဖ စစ်အုပ်မှ ၂၀၁၁ခုနှစ် ဇန္နဝါရီလ (၃၁) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အတုအယောင် ပါလီမန် လွှတ်တော် အစည်းအဝေးအား မြန်မာနိုင်ငံ ဒီမိုကရေစီကွန်ယက် (ဂျပန်) မှ ဦးစီးပြီး ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ ဆန့်ကျင် ကန့်ကွက် ဆန္ဒပြသည့် အခမ်းအနားကို နအဖ စစ်အခွန်ရုံး ရှေ့တွင် ညနေ ၃ နာရီ မှ ၄နာရီ ခွဲအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
          မတရားဖမ်းဆီးချုပ်နှောင်ထားသော နိုင်ငံရေးအကျဉ်းသားများအား ချက်ချင်းလွှတ်ပေးရန်နှင့် အမျိုသားပြန်လည်သင့်မြတ်ရေးအတွက် အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရန်အတွက် တိုက်တွန်းသည့်စာကို ဗိုလ်ချုပ်မှူကြီး သန်းရွှေအား လိပ်မူ၍ နအဖ အခွန်ရုံးမှတဆင့် ပေးပို့ခဲ့ပါသည်။

သတင်းမှတ်တမ်း။   Salai Kyaw Thein Aung
မှတ်တမ်းဓါတ်ပုံ ။    Lain Khan Sum


(၆၂)နှစ်မြောက် ကရင်အမျိုးသား တော်လှန်ရေးနေ့ နှင့် ၆၄ နှစ်ပြည့် ကရင်အမျိုးသားအစည်းအရုံးနေ့ အထိမ်းအမှတ်အခမ်းအနား တိုကျိုတွင် ကျင်းပပြုလုပ်။

၂၀၁၁ ခုနှစ် ဇန္န၀ါရီလ(၃၀)ရက်။



ဂျပန်နိုင်ငံ တိုကျိုမြို့တွင် (၆၂)နှစ်မြောက် ကရင်အမျိုးသား တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား နှင့် (၆၄)နှစ်ပြည့် ကရင်အမျိုးသား အစည်း အရုံး နေ့  အထိမ်းအမှတ် အခမ်းအနားကို Takadanobaba ရှိ Recycle 4F မှာ ညနေ ၆း၃၀ နာရီ မှ ၉း၀၀ နာရီအထိ KNU-Japan အဖွဲ့ သူ အဖွဲ့ သား နှင့် အခမ်းအနားဖြစ်မြောက်ရေး တာဝန်ခံ များမှ တာဝန်ယူ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ကေအဲန်ယူ(ဗဟို)မှ ပေးပို့လာသည့် သ၀ဏ်လွှာ ကို ကရင်၊မြန်မာ၊အင်္ဂလိပ် သုံးဘာသာဖြစ် ဖတ်ကြားပြီးသည်နောက် ကရင်အမျိးသား တော်လှန်ရေးနေ့ ဖြစ်ပေါ်လာပုံ နောက်ခံ သမိုင်းကြောင်းကို ရှင်းလင်း တင်ပြသွားပါသည်။ ကေအဲန်ယူ နယ်မြေသို့ သွားရောက်ခဲ့သော ကေအဲန်ယူ(ဂျပန်) တာဝန်ခံ စောမျိုးခိုင်ရှင်းမှ အတွေ့အကြုံနှင့် တော်လှန်ရေးဒေသမှ လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေများကို ဗီဒီယို မှတ်တမ်းဖြင့် ရှင်းလင်း တင်ပြသွားပါသည်။ ထို့ နောက် အဖွဲ့အစည်းအသီးသီးတို့မှ တာဝန်ရှိသူများမှ ကရင်အမျိုးသား တော်လှန်ရေး ဂုဏ်ပြု အထိမ်းအမှတ် အမှာစကား ပြောကြား ပြီးသည့်နောက် မှတ်တမ်းဓါတ်ပုံ ရိုက်ကူးကာ အခမ်းအနားကို ညနေ ၉း၀၀ နာရီတွင် ပြီးဆုံးခဲ့ပါသည်။ှ
သတင်းမှတ်တမ်းဓါတ်ပုံ ။ ။ မိုးမင်းသူ KNU(Japan)

RSS Feeds RSS Feed

၂၀၁၁ လွှတ်တော်ကနေ မြန်မာ့အကျပ်အတည်းတွေ ဖြေရှင်းနိုင်မည်မဟုတ်

ထပ်ဆင့် ဖြန့်ဝေရန်

                 မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲ ရလဒ်ပေါ် အခြေခံတဲ့ ပထမဆုံးအကြိမ် လွှတ်တော် အစည်းအဝေးတွေကို ဒီကနေ့ နေပြည်တော်မှာ စတင်ကျင်းပမှာ ဖြစ်ပေမဲ့ မြန်မာစစ်အစိုးရ ဦးဆောင်တဲ့ အခုလွှတ်တော်သစ်ကနေ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဆောင်ကြဉ်းနိုင်မှာ မဟုတ်သလို မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ နယူးယောက်မြို့မှာ အခြေစိုက်တဲ့ မြန်မာ့ရန်ပုံငွေအဖွဲ့ (The Burma Fund) က ထောက်ပြလိုက်ပါတယ်။ မြန်မာနိုင်ငံတွင်း ပြီးခဲ့တဲ့ ရွေးကောက်ပွဲ ကာလတွေအတွင်း မဲမသမာမှုတွေနဲ့ အကြမ်းဖက် ကန့်သတ်ချုပ်ချယ်မှုတွေ အပါအ၀င် မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ပြည်တွင်းပြည်ပ နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေကနေ တလျှောက်လုံး တင်ပြလာခဲ့တဲ့ အချက်အလက်တွေကို စုစည်းပြီး လေ့လာသုံးသပ် တင်ပြထားတဲ့ အစီရင်ခံစာ တစောင်ကို The Burma Fund အဖွဲ့က မနေ့ကပဲ ထုတ်ပြန်လိုက်တာပါ။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။
                မြန်မာနိုင်ငံမှာ အဓိကကျတဲ့ အမျိုးသား နိုင်ငံရေး ပြဿနာကို မဖြေရှင်းရသေးဘဲနဲ့ အခုလို လွှတ်တော်ခေါ်ယူတာဟာ တကယ် စစ်မှန်တဲ့ ဒီမိုကရေစီရေး အသွင်ကူးပြောင်းမှုကို ဦးတည်တာ မဟုတ်ဘူးလို့ အစီရင်ခံစာ ထုတ်ဝေတဲ့ The Burma Fund အဖွဲ့ တာဝန်ခံ ဒေါက်တာ သောင်းထွန်းက ပြောပါတယ်။
“ဒီနေ့မှာ ပြည်သူ့လွှတ်တော် ပထမဆုံး အစည်းအဝေး ကျင်းပတာ ဖြစ်ပေမဲ့ ဒါဟာ မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အဖြေ မဟုတ်သေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ဟာ စကတည်းက နအဖကနေပြီးတော့ စွက်ဖက်မှုတွေ၊ ကန့်သတ်မှုတွေ ရှိခဲ့တယ်။ ရွေးကောက်ပွဲ ကော်မရှင်ကလည်း တကယ့်ကို လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကော်မရှင် မဟုတ်ဘဲနဲ့ ဒီကနေ့ဆိုရင် ရွေးကောက်ပွဲ မသမာမှုတွေနဲ့ ပတ်သက်လို့ တိုင်ကြားချက်တွေ၊ နိုင်ငံရေးပါတီတွေက နေပြီးတော့ စွပ်စွဲမှုတွေကို လုံးဝ ကျေကျေလည်လည် မဖြေရှင်းရသေးဘဲနဲ့ ဒီ ပြည်သူ့လွှတ်တော် အစည်းအဝေးကို ခေါ်ယူ ကျင်းပတာ ဖြစ်ပါတယ်။”
                အမျိုးသားရေး ပြဿနာကို တကယ်တမ်း ဖြေရှင်းဖို့ဆိုရင် မြန်မာစစ်အစိုးရ အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးပြီး နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်လှုပ်ရှားခွင့် ပြုရမှာ ဖြစ်သလို တိုင်းရင်းသား ဒေသတွေက တင်းမာမှုတွေကို ရပ်ဆိုင်းရမှာ ဖြစ်တယ်၊ နိုင်ငံရေး အင်အားစုတွေအကြား တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့လိုတယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုလည်း နိုင်ငံရေးပါတီအဖြစ် ဆက်လက် အသိအမှတ်ပြုပြီး ပြည်သူ့အကျိုး ဆောင်ရွက်ခွင့် ပေးရမှာ ဖြစ်တယ်လို့လည်း ဒေါက်တာ သောင်းထွန်းက ထောက်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ပြဿနာဟာ မြန်မာ့နယ်နိမိတ် အတွင်းမှာတင် ပြီးသွားမှာ မဟုတ်ဘူး ဆိုတာကို အိမ်နီးချင်း နိုင်ငံတွေက နားလည်ပြီး မြန်မာ့အရေးကို ကူညီ ဆောင်ရွက်သင့်တယ်လို့လည်း ဒေါက်တာ သောင်းထွန်းက ပြောပါတယ်။
“ကျနော်တို့ တင်ပြတဲ့ အချက်အလက်တွေဟာ သေသေချာချာ သုတေသန ပြုလုပ်ထားတဲ့ အချက်အလက်တွေ ဖြစ်တယ်။ ဒါကြောင့် ရွေးကောက်ပွဲဟာ ဘယ်လိုမှ လွတ်လပ်ပြီး တရားမျှတမှု မရှိဘူးဆိုတဲ့ အခြေခံပေါ်မှာ အိမ်နီးချင်း နိုင်ငံတွေကပါ မငြင်းပယ်နိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ ဒီမိုကရေစီရေး အသွင်ကူးပြောင်းမှုဆိုတာ ရွေးကောက်ပွဲတခု ကျင်းပရုံနဲ့ မလုံလောက်ပါဘူး။ တကယ့် အသွင်ကူးပြောင်းမှု ဒီမိုကရေစီရေး အခြေခံအုတ်မြစ်ကို ချမှတ်နိုင်မယ့် နိုင်ငံရေး ပတ်ဝန်းကျင်တွေကိုလည်း ဖန်တီးဖို့ လိုပါတယ်။
“ဒါတွေကို ဂရုမစိုက်ဘူးဆိုရင် ဗမာနိုင်ငံရဲ့ ပြဿနာဟာ ဗမာနယ်နိမိတ်မှာတင် ရပ်သွားမှာ မဟုတ်ဘဲနဲ့ အိမ်နီးချင်း နိုင်ငံများကို ထိခိုက်မယ့် အနေအထားတွေ ရှိတယ်။ ပြည်တွင်းမှာ နိုင်ငံရေး တင်းမာမှုတွေ၊ အုံကြွမှုတွေအတွက် ဖြစ်လာမယ့် အနေအထားတွေကို လျစ်လျူမရှုနိုင်သလို တိုင်းရင်းသား ဒေသတွေမှာ စစ်ရေးအရ တင်းမာမှု အပေါ်မှာလည်း ပြည်တွင်းစစ် ပြန်လည် ဖြစ်ပေါ်လာနိုင်တယ်၊ ဒုက္ခသည် ပြဿနာတွေ ပိုပြီး ကြီးထွားလာနိုင်တယ်။ ဒီအခြေခံတွေ အပေါ်မှာ စဉ်းစားပြီးတော့ အိမ်နီးချင်းနိုင်ငံတွေ အနေနဲ့ ကုလသမဂ္ဂနဲ့ ပိုပြီးတော့ ပူးပေါင်း ဆောင်ရွက်ပြီးတော့ နိုင်ငံရေး အဖြေရှာဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။”
The Burma Fund အဖွဲ့ တာဝန်ခံ ဒေါက်တာသောင်းထွန်း ပြောပြသွားတာ ဖြစ်ပါတယ်။
မြန်မာစစ်အစိုးရ ရွေးကောက်ပွဲနဲ့ လွှတ်တော်သစ် ခေါ်ယူမှုတွေကို အထူးသဖြင့် ကုလသမဂ္ဂနဲ့ မြန်မာ့အိမ်နီးချင်း အာရှနိုင်ငံတွေက ယတိပြတ် ငြင်းဆိုထားတာ မရှိပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင်ဖို့မှာ ရွေးကောက်ပွဲနဲ့ လွှတ်တော်သစ်တွေ ခေါ်ယူပေးရုံနဲ့ မလုံလောက်ဘူး ဆိုတာကို နိုင်ငံတကာက နားလည်ရမှာ ဖြစ်တယ်လို့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။
ကုလသမဂ္ဂ အနေနဲ့ မြန်မာ့အရေးကို ထိထိထိရောက်ရောက် အာရုံစိုက် ဆောင်ရွက်နိုင်ဖို့အတွက် အချိန်ပြည့် တာဝန်ထမ်းဆောင်မယ့် အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ရဲ့ ကိုယ်စားလှယ်တဦး ခန့်အပ်ဖို့နဲ့ မစ္စတာ ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံ မိတ်ဆွေများအဖွဲ့ အဆင့်မြင့် နိုင်ငံခြားရေး ၀န်ကြီးအဆင့် အစည်းအဝေးတရပ်ကို အရှေ့တောင်အာရှ ဒေသအတွင်းမှာ ကျင်းပပေးဖို့ကိုလည်း အစီရင်ခံစာထဲမှာ တိုက်တွန်းထားပါတယ်

Friday, 28 January 2011

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာ ယနေ့ မွန်းလွဲ(၁)နာရီကပြည်ထောင်စုနေ့ အကြိုဟောပြောပွဲကျင်းပ


            (၆၄)နှစ်မြောက် ပြည်ထောင်စုနေ့ အကြိုဟောပြောပွဲကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာ ယနေ့ မွန်းလွဲ(၁)နာရီက ကျင်းပခဲ့ပါတယ်။ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ နဲ့ အခြားလူငယ်များ တစ်ရာခန့် တက်ရောက်ခဲ့ကြပါတယ်။

              သဘာတိအဖြစ် အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦး ကဆောင်ရွက်ပြီး CRPP အဖွဲ့ဝင် ၊ဇိုမီးအမျိုးသား ကွန်ဂရက် ဥက္ကဋ္ဌ ဦးပုကျင်ရှင်းထန်က ပင်လုံစာချုပ်အကြောင်း ၊ CRPP အဖွဲ့ဝင် ၊ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အတွင်းရေးမှုး အဖွဲ့ဝင် ဦးစိုင်းစောအောင်က ပင်လုံညီလာခံအကြောင်း ဟောပြောပါတယ်။
                ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ဖဆပလ ညီလာခံမှသည် ၊ အောင်ဆန်းအက်တလီ စာချုပ်အပါအ၀င် ၊ ပင်လုံညီလာခံ ဖြစ်ပေါ်လာပုံ ၊ ပင်လုံစိတ်ဓာတ်အကြောင်း ၊ ခွဲထွက်ရေးမဟုတ်တဲ့ ပြည်ထောင်စုစိတ်ဓာတ်နဲ့ စစ်မှန်တဲ့ ပြည်ထောင်စု နိုင်ငံ ပေါ်ပေါက်ရေး ရည်မှန်းချက်များ ၊ ယနေ့ကာလ နဲ့ လျော်ညီတဲ့ ဒုတိယ ပင်လုံညီလာခံ သို့မဟုတ် (၂၁)ရာစု ပင်လုံညီလာခံပေါ်ပေါက်ရေးအတွက် လိုအပ်ချက်များ ၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး နဲ့ ပင်လုံစိတ်ဓာတ် ဆက်နွယ်နေပုံ ၊ လွတ်လပ်ရေးနဲ့ တန်းတူညီမျှရေး ၊ အမျိုးသား ညီညွတ်ရေး ၊ ငြိမ်းချမ်းရေး ၊ ဒီမိုကရေစီရေး ကိစ္စများကို တက်ရောက် လာကြတဲ့ တိုင်း နဲ့ ပြည်နယ် အသီးသီးမှ ပုဂ္ဂိုလ်များ ၊လူငယ်များက စိတ်ဝင်စားစွာမေးမြန်းကြတာကို ၊ သဘာပတိ ဦးတင်ဦး ၊ ဟောပြောသူ ဦးပုကျင်ရှင်းထန် နဲ့ ဦးစိုင်းစောအောင် တို့က အကျေအလည် ရှင်းလင်း ၊ ဆွေးနွေး ပြကြပါတယ်။
               မွန်ပြည်နယ် ၊ဧရာဝတီတိုင်း ၊ ရခိုင်ပြည်နယ် အပါအ၀င် ရန်ကုန်တိုင်းမှ  မြောက်ဥက္ကလာပမြို့နယ် ၊ သင်္ကန်းကျွန်းမြို့နယ် ၊ ခရမ်းမြို့နယ် ၊ သုံးခွမြို့နယ် ၊ ဗဟန်း ၊လှိုင်၊ မင်္ဂလာတောင်ညွန့် မြို့နယ် များမှ တက်ရောက် ဆွေးနွေးသွားကြပါတယ်။ဟောပြောပွဲဟာ မွန်းလွဲ(၂)နာရီမှာ အောင်မြင်စွာပြီးဆုံးခဲ့ပါတယ်။